ခွေးရူးရောဂါဆိုတာက Rabies ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပြီး လူနှင့်တိရစ္ဆာန်များကို ဒီရောဂါပိုးရှိနေတဲ့ ခွေး၊ ကြောင်၊ ကြွက်၊ လင်းနို့စတဲ့နို့တိုက်သတ္တဝါတွေက ကိုက်မိခြင်း၊ အစွယ်ဖြင့် ခြစ်မိခြင်း၊ ခန္ဓာကိုယ်ပေါ်မှာ ရှိပြီးသားအနာ (သို့) ပြတ်ရှဒဏ်ရာများပေါ်သို့ ရောဂါရှိတဲ့သွားရည်ထိမိခြင်းမျိုးများ ၊ မျက်စိ၊ ပါးစပ်၊ နှာခေါင်းတို့၏ အတွင်းသားများကို တိုက်ရိုက်ထိတွေ့မိခြင်းနှင့် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူထံမှ ခန္ဓာကိုယ်အစိတ်အပိုင်းများအား အစားထိုးကုသမှုခံယူမိခြင်း စတာတွေကနေ ကူးစက်ခံနိုင်ပါတယ်။ အရှေ့တောင်အာရှဒေသများတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားခြင်း၏ (၉၆) ရာခိုင်နှုန်းသည် ခွေးကိုက်ခြင်းကြောင့် ဖြစ်ပါသည်။
ရောဂါပိုး စတင်ဝင်ရောက်ပြီးသည်မှ ရောဂါလက္ခဏာများ စတင်ပြသချိန်အထိ ရောဂါပျိုးရက် (incubation period) သည် ရက်အနည်းငယ်မှ လပိုင်း (သို့မဟုတ်) နှစ်ချီ၍ ကြာမြင့်တတ်ပါသည်။
လူမှာခွေးရူးပြန်ရောဂါဖြစ်ပေါ်နေပါက
- အကိုက်ခံရသောနေရာတွင် နာကျင်ခြင်း၊ ယားယံခြင်း၊
- ဖျားခြင်း၊ နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊
- ရေကို မကြည့်ရဲခြင်း၊ ရေမသောက်ရဲဘဲ ရေကို ကြောက်လန့်နေခြင်း (Hydrophobia)၊
- အသံ၊ အလင်းရောင်၊ လေတိုက်ခြင်း တို့ကို ခံနိုင်ရည်မရှိခြင်း၊
- စိတ်ဆိုးဒေါသထွက်ခြင်း၊ သည်းမခံနိုင်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း အစရှိတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
တိရစ္ဆာန်တွေမှာဒီရောဂါဖြစ်နေကြောင်း သိရှိနိုင်တဲ့အချက်တွေကတော့
- အမူအကျင့်ပြောင်းပြီး အလိုအလျောက် ရန်လိုလာကာ ရန်မူခြင်း၊ ကိုက်တတ်ခြင်း၊
- တုတ်ချောင်း၊ ခဲလုံး၊ စက္ကူစတဲ့ အနီးနားအရာများကို ကိုက်ဖြတ်နေခြင်း၊
- ဦးတည်ရာမဲ့ပြေးလွှားခြင်း၊ ဒယိမ်းဒယိုင်ဖြစ်ခြင်း၊
- အသံပြောင်းပြီး အက်သံဖြင့်ဟောင်ခြင်း၊ အူခြင်း၊
- အောက်မေးရိုးပိတ်မရဘဲ သွားရည် (သို့) အမြှုပ်များပါးစပ်မှထွက်ကျခြင်း စတဲ့လက္ခဏာများရှိပြီး သုံးလေးရက်အကြာမှာ အလိုလိုသေဆုံးတတ်ပါတယ်။
ခွေး၊ ကြောင်စတဲ့တိရစ္ဆာန်များ ကိုက်ခံရလျှင် လုပ်ဆောင်သင့်တဲ့ အချက်များ
- ဒဏ်ရာကို ဆပ်ပြာအသုံးပြုပြီး ၊(၁၅ မိနစ်ခန့်) ရေများများဖြင့် အချိန်ကြာကြာဆေးကြောပေးရန်။
- အရက်ပြန် နှင့် Iodine ပိုးသတ်ဆေးရည်တို့ဖြင့် ထပ်မံသန့်စင်ပေးရပါမယ်။
- အရေပြားပေါက်ပြဲဒဏ်ရာရှိပြီဆိုတာနဲ့ မဖြစ်မနေ နီးစပ်ရာဆေးရုံဆေးခန်း (သို့မဟုတ်) ပြည်သူ့ဆေးရုံများရှိခွေးကိုက်လူနာကုသမှုဌာန (Dog bite treatment center)များ သို့သွားပြီး ကာကွယ်ဆေးထိုးကာ လိုအပ်တဲ့ ကုသမှုတွေကိုခံယူရပါမယ်။
ခွေးရူးပြန်ရောဂါဖြစ်ပွားပါက ရာခိုင်နှုန်းပြည့်သေစေနိုင်ပါသည်။ သို့ပါသော်လည်း ခွေးကိုက်ခံရပြီးနောက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို (၂၄) နာရီအတွင်း စနစ်တကျ စတင်ထိုးနှံပြီး သတ်မှတ်ရက်အတိုင်း အကြိမ်ပြည့် ဆက်လက်ထိုးနှံခြင်းဖြင့် ခွေးရူးပြန်ခြင်းကို ထိရောက်စွာကာကွယ် နိုင်ပါတယ်။
ဒဏ်ရာကြီးခြင်း၊ သွေးများစွာထွက်ခြင်း၊ ဦးခေါင်းနှင့်နီးတဲ့ မျက်နှာ၊ လည်ပင်း၊ ပုခုံးနှင့်လက် စတာတွေမှာကိုက်ခံရပါက ခွေးရူးအဆိပ်ဖြေဆေး (Rabies Immunoglobulin-RIG )ကိုပါ ထိုးဖို့လိုပါတယ်။ ခွေး၊ ကြောင်စတဲ့တိရစ္ဆာန်တွေက မြေပြင်မှာ ဖုန်၊ သဲတွေနဲ့ထိတွေ့နေတာဖြစ်တဲ့အတွက် မေးခိုင်ပိုးကလည်း ၎င်းတို့ရဲ့အစွယ်၊ သွားတွေမှာရှိနေနိုင်တာမို့ ခွေးရူးကာကွယ်ဆေးနဲ့အတူ မေးခိုင်ကာကွယ်ဆေးကိုပါမပျက်မကွက် ထိုးနှံဖို့လိုအပ်ပါသေးတယ်။ အချုပ်အားဖြင့် ခွေးရူးရောဂါဆိုတာ ကုသခြင်းထက် ကာကွယ်ခြင်းကသာ အဓိကဖြစ်တာမို့ ‘Vaccinate to Eliminate’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ခွေး၊ ကြောင်များအတွက် ကာကွယ်ဆေး၊ ကိုက်ခံရသူလူနာများအတွက် ကာကွယ်ဆေးများကို နီးစပ်ရာကျန်းမာရေးဌာနများမှာ မဖြစ်မနေသွားရောက်ထိုးနှံကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
Credit>> Dr.San San Oo (Quality Care Laboratory)